top of page

Accounting Fraud ဆိုတာဘာလဲ၊ သင့်လုပ်ငန်းမှာကော Accounting Frauds တွေဖြစ်နေနိုင်လား။

Updated: Aug 4, 2020


သင့်လုပ်ငန်းကို အောင်အောင်မြင်မြင် စီမံချင်ရင် လုပ်ငန်းမှာဖြစ်ပျက်နေတဲ့ အခြေအနေကို အတိအကျ သိထားဖို့ လိုပါတယ်။ Accounting လုပ်ငန်းစဉ်တွေကလုပ်ငန်းမှာ ဖြစ်သွားတဲ့ အခြေအနေတွေကို ရိုးရှင်းတဲ့ ဂဏန်းတွေနဲ့ ဖော်ပြနိုင်ပါတယ်။ ဒါပေမယ့် Accounting လုပ်ငန်းစဉ်တွေမှာ အမှားအယွင်းတွေ၊ လိမ်လည်မှု (Frauds)တွေ ရှိနေမယ်ဆိုရင် ဖြစ်ပျက်နေတဲ့ လုပ်ငန်းအချက်အလက်ကို တိတိကျကျသိရတော့မှာ မဟုတ်သလို သင်အောင်မြင်စွာစီမံနိုင်ဖို့ အလှမ်းဝေးနေရပါလိမ့်မယ်။


ဒါကြောင့် MX ကနေ ဒီအပတ်မှာတော့ Accounting Frauds တွေအကြောင်းကို ဥပမာလေးတွေနဲ့ပြောပြသွားမှာဖြစ်ပါတယ်။


Companyတစ်ခုရဲ့ Accounting နဲ့ သက်ဆိုင်တဲ့ လုပ်ငန်းတွေမှာပါဝင်တဲ့

- Journal Entries တွေ

- General ledger တွေ

- ပါဝင်ရမည့် စာရွက်စာတမ်းတွေ

- checks၊ invoicesတွေ

- လုပ်ငန်းစဉ်တွေကို

လိမ်လည်လှည့်ဖြားလိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ပြုပြင်ပြောင်းလဲတာကို Accounting Fraud လို့ခေါ်ပါတယ်။

Accounting Frauds တွေဟာ လုပ်ငန်းကို ဆိုးကျိုးဖြစ်စေပြီး နည်းလမ်းအမျိုးမျိုး ရည်ရွယ်ချက်အမျိုးမျိုး နဲ့ ကျူးလွန်နိုင်ပါတယ်။ အများအားဖြင့်တော့ အောက်ပါရည်ရွယ်ချက်၂ခုကြောင့် Accounting Fraud ကို ကျူးလွန်တယ်လို့ ခြုံငုံပြောလို့ရပါတယ်။


၁။ Performanceကို လိမ်လည်ရန် စာရင်းလိမ်ခြင်း

၂။ လုပ်ငန်းမှ ခိုးယူရန် စာရင်း လိမ်လည်ခြင်း

ရည်ရွယ်ချက်တွေကို အောက်မှာ ဥပမာတွေနဲ့ ရှင်းရှင်းလင်းလင်းဖော်ပြထားပါတယ်။


----------------------------------------------------------------------------------------

၁။ Performanceကိုလိမ်လည်ရန် စာရင်းလိမ်ခြင်း


Performance တွေ ရှိနေတာထက် ကောင်းတယ်လို့ မြင်ရအောင် စာရင်းတွေကို လိမ်လည်ခြင်းမျိုးဖြစ်ပါတယ်။ Scenario (ဖြစ်စဉ်)တစ်ခုကတော့ လုပ်ငန်းပိုင်ရှင်(ဒါမှမဟုတ်) လုပ်ငန်းက အထက်အရာရှိက မဖြစ်နိုင်တဲ့ ရည်မှန်းချက်ကြီးတဲ့ sales target အမြင့်ကြီးတွေ သတ်မှတ်တဲ့အခါမျိုးမှာ target မပြည့်မှီတဲ့ အခါမျိုးတွေမှာ ပြည့်မှီအောင် စာရင်းတွေလိမ်ထည့်တတ်ပါတယ်။ ဒီလို Accounting Frauds တွေက လုပ်ငန်းသေးတွေမှာထက် လုပ်ငန်းကြီးတွေမှာ ပိုမြင်ရပါတယ်။


ဒါပေမယ့် လုပ်ငန်းကြီးတွေမှာပဲ ဖြစ်နိုင်တာ မဟုတ်ဘဲ လုပ်ငန်းအသေးတွေမှာလဲ ဖြစ်နိုင်တာမို့ သတိမပေါ့သင့်ပါဘူး။


ဥပမာပြောရရင်

ကုမ္ပဏီအကြီးကြီးတွေမှာဆိုရင်တော့ လုပ်ငန်းပိုင်ရှင်(shareholders)တွေ ရင်းနှီးမြုပ်နှံသူ(investors)တွေ ငွေချေးပေးမယ့် bank တွေကို အယုံသွင်းဖို့လည်း Management( CEO မှအစ Account Manager တွေအထိ) Financial Statements တွေကို ပြုပြင်ပြောင်းလဲတတ်ပါတယ်။


ဘယ်လိုမျိုးပြုပြင်ပြောင်းလဲတက်လဲဆိုရင် ရောင်းအားတွေကို ရှိတာထက်ပိုပြခြင်းများ လုပ်တတ်ကြတယ်။ အကြွေးချေးထားတာ(Liability) တွေကို ရောင်းအားအဖြစ် ထည့်ထားတာမယ်၊ expenses တွေကို understate (ရှိတာထက်နည်းအောင်) လုပ်မယ်၊ Revenue expenditures (တစ်နှစ်တာစရိတ်)ကို capital expenditures (ရေရှည်သုံးစရိတ်) အဖြစ်သတ်မှတ်တာတို့ကတော့ Accounting Frauds တွေပဲဖြစ်ပါတယ်။


၂။ လုပ်ငန်းမှ ခိုးယူရန် စာရင်းလိမ်ခြင်း


ဒီလို လုပ်ငန်းမှ ခိုးယူတာကတော့ လုပ်ငန်းတိုင်းမှာဖြစ်နေနိုင်ပါတယ်။ ဒီလိုရည်ရွယ်ချက်ကြောင့် ကျူးလွန်တဲ့ Accounting fraudsကလုပ်ငန်းသေးတွေမှာ ပိုတွေ့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ လုပ်ငန်းကြီးတွေမှာ တာဝန်ခွဲယူရတယ့် စစ်ဆေးတဲ့အလုပ်၊ ငွေထုတ်ပေးတဲ့အလုပ်၊ငွေသိမ်းတဲ့အလုပ်တွေကို လုပ်ငန်းသေးအနေအထားအရ တစ်ယောက်တည်းကနေပဲ ငွေထုတ်တယ် ငွေလက်ခံတယ် မှန်မမှန်စစ်ဆေးနေတဲ့ အခါမျိုးမှာ ဝန်ထမ်းက ခိုးယူနိုင်တဲ့ chance များပါတယ်။


အောက်မှာဖော်ပြတဲ့ Scenarios၂ခုကတော့ လုပ်ငန်းကနေခိုးယူတဲ့ Accounting Fraudsကျူးလွန်မှုတွေမှာ တွေ့ရတာများပါတယ်။


Scenario ၁။ Kick-back များအား စာရင်းမသွင်းခြင်း


ပစ္စည်းအမျိုးအစားတစ်ခုကို supplier ဆီ က ဝယ်တယ်။ Discount အနေနဲ့ပဲဖြစ်ဖြစ် စောစောငွေချေလို့ပဲဖြစ်ဖြစ် အပိုပေးလိုက်တာပဲဖြစ်ဖြစ် suppliersက ပြန်ပေးလိုက်တဲ့ ပစ္စည်း၊ ငွေစတာတွေကို Kick-back လို့ခေါ်ပါတယ်။


ဥပမာ - သိန်း၃၀၀ ဖိုးဝယ်တယ်၊ Supplier က နေပြီးတော့ စောစောပေးလို့ Discount ၁၀သိန်း ပေးလိုက်တယ်။

ဒီ ၁၀ သိန်းကတော့ kick-back ဖြစ်ပါတယ်။ ဒါပေမယ့် ငွေကိုင်တဲ့သူက စာရင်းမှာ သိန်း ၃၀၀ ဖိုး စာရင်းပြပြီး Discount ၁၀ သိန်းကို စာရင်းမပြဘဲ ယူသုံးလိုက်တာမျိုးဆိုရင် ဒါဟာ ခိုးယူခြင်းပဲဖြစ်ပါတယ်။


Scenario ၂။ လိုအပ်သောစာရွက်စာတမ်း များအား မပါဝင်ခြင်း


လုပ်ငန်းရဲ့ ကုန်ကျစရိတ်တွေ ဝင်ငွေတွေကို ရမှန်းသက်သေပြနိုင်ဖို့ စာရွက်စာတမ်း (Invoices, LC as attachments) တွေကလိုအပ်ပါတယ်။ မပါလာဘူးဆိုရင်တော့ ဘယ်လိုပေးထားမှန်းကို ပြန်စစ်ဆေးဖို့ ခက်ခဲပါတယ်။ ခက်ခဲလို့ ပြန်လည်စစ်ဆေးမှုအားနည်းလာပြီဆိုရင် လိမ်လည်မှုတွေ များလာမှာဖြစ်ပါတယ်။


ဥပမာ - လုပ်ငန်းမှာ ကုန်ကျစရိတ်တွေကိုထုတ်တဲ့အခါ စာရွက်စာတမ်းတွေတောင်းတာမျိုးတွေကို သေချာ မကြပ်မတ်ထားဘူး။ မောင်မြကို အဲ့ဒီလုပ်ငန်းမှာ လုပ်သက်ကြာနေပြီဖြစ်လို့ ယုံကြည်ကြတယ်။ မောင်မြက လုပ်ငန်းသဘာဝအရ သွားလာရတဲ့ ခရီးစာရိတ်တွေအတွက် လစဉ် ၃ သိန်းထုတ်လေ့ရှိတယ်။ အမှန်တကယ် ကျသင့်တဲ့ ပမာဏကတော့ ၁သိန်းပဲရှိတယ်။ စရိတ် ၃သိန်းကို ပေးလိုက်တဲ့ အခါ လိုအပ်တဲ့စာရွက်စာတမ်းတွေ တောင်းလေ့မရှိတဲ့ ပဲစစ်ဆေးမှုအားနည်းတဲ့ အတွက်လုပ်ငန်းဆီကနေလတိုင်း ၂သိန်းကို မောင်လှ အလွဲသုံးစားလုပ်နေတာပဲဖြစ်ပါတယ်။


အချုပ်ပြောရမယ်ဆိုရင် Accounting Frauds တွေဟာ ယေဘုယျအားဖြင့် ၁။ Performance ကိုလိမ်ဖို့ ၂။ ငွေခိုးယူဖို့ ရည်ရွယ်ချက်တွေကြောင့် စာရင်းမှားယွင်းအောင်ပြုလုပ်ခြင်းဖြစ်ပါတယ်။ ဘယ်လိုရည်ရွယ်ချက်တွေကြောင့်ပဲဖြစ်စေ စာရင်းမှားယွင်းအောင်ပြုလုပ်ခြင်းက လုပ်ငန်းစီမံမှုကို ထိခိုက်နစ်နာစေတဲ့ အတွက်ကြောင့် MX ရဲ့ လုပ်ငန်းရှင်စာဖတ်ပရိတ်သတ်တွေ သတိပြုမိဖို့အတွက် ဥပမာတွေနဲ့တကွ တင်ပြပေးလိုက်ရပါတယ်။


သင့်လုပ်ငန်းမှာ Accounting Frauds တွေမဖြစ်အောင် ဘယ်လိုကာကွယ်နိုင်မလဲ?


နောက်အပတ်မှာတော့ Accounting Frauds တွေကို ဘယ်လို ကာကွယ်နိုင်မလဲ ထိန်းချုပ်နိုင်မလဲကို ပြောပြပေးသွားမှာ ဖြစ်လို့ Matrix Solutions Business Advisory Group ရဲ့ Facebook page ကို Like ပြုလုပ်ထားပေးဖို့ အသိပေးလိုက်ရပါတယ်။






49 views0 comments
bottom of page